
မတ်လ ၂၀၁၅ မှ ဒီဇင်ဘာ ၂၀၁၇
ကျန်းမာရေးအတွက် အဟန့်အတားဖြစ်စေမည့်အရာများကိုကျော်လွှားခြင်း
ချင်းပြည်နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီး လမ်းပန်း ဆက်သွယ်ရေး ခက်ခဲလှသည့်အပြင်မြန်မာနိုင်ငံရှိ အခြားသော ဒေသများနှင့် ယှဉ်လျှင် ကျန်းမာရေး ဝန်ဆောင်မှုများမှာ အလွန်ပင် အခက်ခဲများစွာ ရှိလှသည်။ ၂၀၁၄ခုနှစ် ကောက်ခံထားသော သန်းခေါင်စရင်းအရ ၈၀%သော ချင်းလူမျိုးများသည် ကျေးလက်ဒေသ၌ နေထိုင်လျှက် ရှိကြသည်။ ချင်းပြည်နယ်သည် ဒေသတစ်ခုနှင့်တစ်ခု လူမျိုးတစ်စုနှင့် တစ်စု ဘာသာစကားများ ကွဲပြားမှုကြောင့် ဒေသတစ်ခုနှင့် တစ်ခု ဆက်သွယ်ရာတွင်အခက်ခဲများစွာ ရှိသည်။ ထို့ပြင် အချို့သော ရိုးရာဓလေ့များနှင့် ယဉ်ကျေးမှုများသည်အမျိုးသမီးများအတွက် ခံစားခွင့်များ ပိတ်ပင်ထားမှုများ ရှိနေသည်။ ဥပမာအားဖြင့် အမွေရပိုင်ခွင့်များ ၊ မိသားစုအတွင်း၌ပင် ဖြစ်စေ ၊ စီးပွားရေး ဆုံးဖြတ်ချက်များ ပြုလုပ်ရာ၌ပင် ဖြစ်စေ ၊ ကျန်းမာရေးကဏ္ဍ၌ပင်ဖြစ်စေ လုံလောက်သော အခွင့်ရေးများ ပေးထားခြင်း မရှိပေ။ မိသားစုဝင်ငွေ ၊ လယ်မြေပိုင်ဆိုင်မှုများတွင် အမျိုးသားများ၏ ဦးဆောင်ဆုံးဖြတ်ချက်များသာ အရေးပါသည်။ အိမ်တွင်း၌ဖြစ်စေ ၊ အိမ်ပြင်၌ဖြစ်စေ အမျိုးသမီးများ၏ ပြောပိုင်ခွင့်မှာ အလွန်ပင် နည်းပါးလှသည်။ လူမျိုးနွယ်စုများ၏ ကျန်းမာရေး အခက်အခဲများ လေ့လာခြင်း၊ ရှာဖွေဖော်ထုတ်ခြင်းသည် ကျန်းမာရေးစနစ်ပိုမို အားကောင်းလာစေရန် နှင့် အားလုံးအတွက်ကျန်းမာရေး စနစ်တစ်ခုအတွက် ဆန်းသစ် တီတွင်သည့် နည်းလမ်းတစ်ခုဖြစ်သည်။
မတ်လ ၂၀၁၅ မှ စတင်၍ ဒီဇင်ဘာ ၂၀၁၇ အတွင်း အရုဏ်ဦးကျေးလက် လူမှုဖွံ့ဖြိုးရေး အသင်းသည် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ် ၊ ကန်ပလက်မြို့နယ် နှင့် မတူပီမြို့နယ်များ၌ ရပ်ရွာလူထု၏ ကျန်းမာရေး စောင့်ရှောက် ရယူလိုမှု အလေ့အထများ မြှင့်တင်ပေးရန်အတွက် ကျန်းမာရေးဆိုင်ရာ အဟန့်အတားများကို ကျော်လွှားခြင်း စီမံကိန်းကို 3MDG ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်လျှက်ရှိသည်။ ဤ စီမံကိန်း၏ အဓိက ရည်ရွယ်ချက်မှာ ရိုးရာဓလေ့ ထုံးတမ်း အစဉ်အလာများ အရသော်လည်းကောင်း နှင့် ကျားမ ရေးရာအရသော် လည်းကောင်း ကျန်းမာရေးကို အဟန့်အတားဖြစ်စေသော အယူအဆများကို ကျေးရွာလူထုနှင့်အတူ တိုင်ပင် ဆွေးနွေး အဖြေဖော်ထုတ်ရန် ဖြစ်သည်။ ထိုသို့ လူထုအစည်းဝေးပွဲများ လုပ်ခြင်းအားဖြင့် ကျန်းမာရေး ကဏ္ဍ၌ ဖွံဖြိုး တိုးတက်မှုများ ပိုမိုရရှိလာမည်ဖြစ်သည်။ ကျေးရွာ ကျန်းမာရေးကော်မတီများ၏ ဆေးရုံ ဆေးပေးခန်းများသို့ အရေးပေါ်လူနာ လွဲပြောင်းပေးနိုင်ခြင်း၊ ကျေးရွာကျန်းမာရေး အစီစဉ်များ ရေးဆွဲခြင်း အထူးသဖြင့် ပတ်ဝန်းကျင် သန့်ရှင်းမှုနှင့် တကိုယ်ရည် သန့်ရှင်းမှု နှင့် စည်းရုံး လှုံ့ဆော်နိုင်မှု စသည့် အခန်းကဏ္ဍများတွင် စွမ်းဆောင်ရည် မြှင့်တင်ခြင်းသည် ကျန်းမာရေးစနစ် ပိုမိုအားကောင်းလာစေသည့် အဓိကအချက် တစ်ခုတွင် ပါဝင်သည်။ ကျေးရွာအရေးပေါ်ကျန်းမာရေးရန် ပုံငွေ ထောက်ပံ့ပေးခြင်းအားဖြင့် ငွေကြေးခက်ခဲမှုကြောင့် ကျန်းမာရေးဆေးပေးခန်းများသို့ မသွားနိုင်သော အခက်အခဲပြဿနာများ လျော့ချပေးနိုင်မည် ဖြစ်သည်။ ၂၀၁၈ ခုနှစ်မှစ၍ တီးတိန်မြို့နယ်တွင်လည်း စီမံကိန်း တိုးချဲ့ဆောင်ရွက်မှုများလည်းရှိသည်။
လုပ်ငန်းစဉ်အကျဉ်းမှာ အောက်ပါအတိုင်းဖြစ်သည်
၁။ အမျိုးသမီးများ၏ ကျန်းမာရေး ရယူပိုင်ခွင့် နှင့် မိသားစုကျန်းမာရေးဆိုင်ရာ ဆုံးဖြတ်ချက်များ အတွက် အမျိုးသမီးများကိုယ််တိုင်ချမှတ်လာနိုင်စေရန် စွမ်းဆောင်ရည် မြှင့်တင်ပေးရန်
၂။ ရပ်ရွာလူထု၏ ကျန်းမာရေး စောင့်ရှောက်ရယူလိုမှု အလေ့အထများ မြှင့်တင်ပေးရန်
၃။ ဦးတည်ကျေးရွာလူထုနှင့် ကျန်းမာရေးစောင့်ရှောက်သူများ အကြား ပူးပေါင်း ညှိုနှိုင်းမှုများ တိုးမြှင့်ရန်နှင့် ၎င်းတို့၏ ကျန်းမာရေးအခြေခံ ဗဟုသုတ အသိပညာများ တိုးတက် မြင့်မားလာစေရန်
၄။ လုပ်ဖော်ကိုင်ဖက် အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်များ အားကောင်းလာစေရန်
၅။ ရပ်ရွာအခြေပြု ကျန်းမာရေးဝန်ဆောင်မှုများနှင့် လူမှုရေးဆိုင်ရာ တာဝန်ယူ တာဝန်ခံမှုတို့ကို မြှင့်တင်ပေးခြင်းသည် ကျရနိုင်သော စနစ်တစ်ခု ဖြစ်ပေါ်လာစေရန် အရပ်ဖက် လူမှုအဖွဲ့စည်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရန်
၆။ မြို့နယ်အဆင့် ကျန်းမာရေး အစီအစဉ် ရေးဆွဲခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ လျာထားခြင်း များတွင် ကျေးရွာ၊ ကျေးရွာအုပ်စု နှင့် မြို့နယ်အဆင့်များရှိ ကျန်းမာရေး လုပ်ငန်းအဖွဲ့ နှင့် ရပ်ရွာအခြေပြု လူအဖွဲ့အစည်းများ ပူးပေါင်းပါဝင်မှု မြင့်တက်လာစေရန်